လေ့ကျင့်ခန်း ပုံမှန်လုပ်တာက အမြင်အာရုံကို ကောင်းစေတယ်ဆိုတာ သိပြီးပြီလား
လေ့ကျင့်ခန်း လုပ်တာက ကျန်းမာကြံခိုင်စေတယ်၊ နုပျိုသွက်လက်စေတယ်၊ နှလုံးကို ကျန်းမာစေတယ် ဆိုတာကို လူတိုင်းနီးပါး သိကြပါတယ်။ ဒါပေမယ့် လေ့ကျင့်ခန်း ပုံမှန်လုပ်တာက အမြင်အာရုံကို ကောင်းစေတယ်ဆိုတာကိုတော့ သိပ်မသိကြပါဘူး။ ဟုတ်ပါတယ်။
လွန်ခဲ့တဲ့ ဆယ်စုနှစ်တွေအတွင်း လုပ်ခဲ့တဲ့ သုတေသနတွေအရ လေ့ကျင့်ခန်းပုံမှန်လုပ်တာဟာ အတွင်းတိမ်၊ ရေတိမ်နဲ့ အသက်ကြီးသူတွေမှာ မြင်လွှာရောင်ခြယ် ပျက်စီးခြင်းရောဂါ ဖြစ်နိုင်ခြေတွေကို လျှော့ချပေးနိုင်တဲ့အပြင် ဆီးချိုရောဂါကြောင့် မျက်စိတွင်းသွေးကြောတွေ ထိခိုက်ပြီး မျက်စိကွယ်နိုင်ခြေကိုလည်း လျှော့ချပေးနိုင်ပါတယ်။
အတွင်းတိမ် (Cataracts)…
သုတေသနတွေအရ ပုံမှန်လမ်းလျှောက်ခြင်းဟာ အသက်ကြီးရင်ဖြစ်တဲ့ အတွင်းတိမ်ရောဂါ ဖြစ်နိုင်ခြေကို လျှော့ချပေးနိုင်ပါတယ်။ ကိုယ်လက်လှုပ်ရှားမှု မရှိတဲ့သူတွေမှာ အတွင်းတိမ်ဖြစ်နိုင်ခြေ ပိုများတယ်လို့ ဆိုပါတယ်။
ရေတိမ် (Glaucoma)…
လေ့ကျင့်ခန်းလုပ်တာဟာ ရေတိမ်ကို ဖြစ်စေတဲ့ အဓိကအကြောင်းရင်းဖြစ်တဲ့ မျက်လုံးအတွင်းဖိအားကို လျှော့ချပေးပါတယ်။ အတန်အသင့် ကိုယ်လက်လေ့ကျင့်ခန်းလုပ်သူတွေမှာ လေ့ကျင့်ခန်းမလုပ်သူတွေထက် ရေတိမ်ဖြစ်နိုင်ခြေ ၂၅% ခန့် လျော့နည်းပါတယ်။
မြင်လွှာရောင်ခြယ်ပျက်စီးခြင်း (Age-related Macular Degeneration)
တစ်ပတ်ကို လေ့ကျင့်ခန်း နှစ်ကြိမ်၊ သုံးကြိမ်ခန့် လုပ်သူတွေဟာ မြင်လွှာရောင်ခြယ်ပျက်စီးခြင်း ဖြစ်နိုင်ခြေ ပိုနည်းပါတယ်။
မျက်စိလေ့ကျင့်ခန်းများ…
အမြင်အာရုံကောင်းဖို့အတွက် မျက်စိလေ့ကျင့်ခန်းတွေကိုလည်း မေ့ထားလို့ မရပါဘူး။
- မျက်ဆန်ကို ဘယ်ညာ၊ အပေါ်အောက် ရွေ့လျားပြီး ကြည့်တာ၊ နာရီလက်တံအတိုင်းနဲ့ နာရီလက်တံပြောင်းပြန်အတိုင်း ဖြည်းဖြည်းချင်းလှည့်ပြီး စက်ဝိုင်းကြီးကြီးရအောင် ကြည့်တာ
- လက်ထဲမှာ ခဲတံလိုအရာကို လက်တစ်ဆန့်အကွာအဝေးမှာ ကိုင်ထားပြီးကြည့်ရင်း ခဲတံကို မျက်လုံးဆီဖြည်းဖြည်းချင်း ဆွဲယူလာရင်း ကြည့်တာ
- လက်ဖဝါးနှစ်ဖက်ကို ပူလာအောင် ပွတ်ပြီး မျက်ခွံပေါ်မှာ ညင်သာစွာ တင်ထားတာ (မျက်ခွံကြွက်သားတွေ ပြေလျော့စေပါတယ်)
- မျက်တောင်ကို ၁၀-၁၅ ကြိမ်ခန့် ခပ်မြန်မြန်ခတ်ပြီး စက္ကန့် ၂၀ခန့် မျက်စိမှိတ်ထားတာ (ထပ်ကာထပ်ကာ လုပ်နိုင်ပါတယ်) စတဲ့ မျက်စိလေ့ကျင့်ခန်းတွေကို နေ့စဥ်လုပ်ပေးတာကလည်း အမြင်အာရုံကို ကောင်းစေပါတယ်။
လေ့ကျင့်ခန်း ပုံမှန်လုပ်တာက နုပျိုသွက်လက်ပြီး လှပစေတဲ့အပြင် အမြင်အာရုံကိုပါ ကောင်းစေတဲ့အတွက် အရှုံးမရှိတဲ့ ရင်းနှီးမြှုပ်နှံမှု တစ်ခုလို့တောင် ပြောလို့ရပါတယ်။ ဒါကြောင့် အခုကစပြီး လှုပ်ရှားလိုက်ကြစို့နော်။
Healtppy က စာတွေက အတွေးအမြင်ဗဟုသုတ တစ်ခုခု ရခဲ့မယ်ဆိုရင် တခြားသူများလဲ သိအောင် share ပေး၊ mention ပေးခဲ့ကြပါဦး။
ကျန်းမာရေး ပြဿနာများကို Healtppy ၏ အထူးကုဆရာဝန်ကြီးများနှင့်ဆွေးနွေးကုသနိုင်သလို၊ ဆရာဝန်များနှင့် လွယ်ကူလွတ်လပ်စွာ Messenger (သို့မဟုတ်) Phone ကနေလည်း ဆွေးနွေးကုသမှု ရယူနိုင်ပါတယ်။
ဒေါက်တာ ယဉ်ရွှေရည်